အမေရိကန်သမ္မတက ကုန်သွယ်ဖက်နိုင်ငံများအပေါ် ၎င်းအစိုးရ၏ သွင်းကုန်ခွန်စည်းကြပ်ကောက်ခံမှုအား ရှောင်ရှားရန် လိမ်လည်လှည့်ဖြားနိုင်သည့် နည်းလမ်း(၈)မျိုးကို ၎င်း၏လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။ ယင်းသို့သွင်းကုန်ခွန်ကောက်ခံမှုအပေါ လိမ်လည်လှည့်ဖြားနိုင်သည့်နည်းလမ်းအများစုမှာ တရုတ်နိုင်ငံက ဆောင်ရွက်ခဲ့သည့် မဟာဗျူဟာများကို ရည်ညွှန်းထားကြောင်းတွေ့ရှိရပြီး သမ္မတကရေးသားဖော်ပြထားသည့် အဆိုပါနည်းလမ်း (၈)မျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
၁။ ဒေါ်လာတန်ဖိုးကို လွှမ်းမိုးသက်ရောက်မှုရှိစေသည့် ငွေကြေးမူဝါဒများ ချမှတ်လုပ်ဆောင်ခြင်း (Currency manipulation)။ ၂၀၁၉ ခုနှစ်၊ သမ္မတဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းတွင် တရုတ်နိုင်ငံအား “Currency manipulator” အဖြစ် အရေးယူမှုပြုလုပ်ခဲ့ပြီး တရုတ်ဘက်က အပြင်းအထန်ကန့်ကွက်သဖြင့် ယင်းသို့ အရေးယူမှုချမှတ်ပြီး နောက်တစ်နှစ်အကြာတွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း၊ အမေရိကန်သမ္မတက ယင်းသို့အရေးယူခဲ့ခြင်းသည် တရုတ်နိုင်ငံက တရုတ်ယွမ်ငွေတန်ဖိုးကို လျှော့ချ၍ တရုတ်နိုင်ငံထုတ်ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြင့်တင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အလားတူနည်းလမ်းများဖြင့် အမေရိကန်နိုင်ငံ၏သွင်းကုန်ခွန်ကောက်ခံမှုပမာဏကို လျော့နည်းစေရန် ဆောင်ရွက်လာနိုင်ပါကြောင်း (အမေရိကန်သမ္မတ၏ သွင်းကုန်ခွန်ကို တိုက်ဖျက်ရန် တရုတ်နိုင်ငံအနေဖြင့် အလားတူနည်းလမ်းများဖြင့် တုံ့ပြန်နိုင်ခြေမရှိဘဲ ဘဏ္ဍာရေးဈေးကွက် မတည်မငြိမ်ဖြစ်မှုကို ရှောင်ရှားနိုင်ရန် ယွမ်တန်ဖိုးကို တစ်ဖြည်းဖြည်းကျဆင်းစေရန်သာ ဆောင်ရွက်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းလျက်ရှိကြောင်း)၊
၂။ တန်ဖိုးဖြည့်ခွန် (Value Added Tax, VAT) ကောက်ခံခြင်း။ VAT စည်းကြပ်ကောက်ခံရာတွင် VAT သည် သွင်းကုန်ခွန်နှင့်မတူသည့်အချက်မှာ ပြည်တွင်းထုတ်ကုန်ဖြစ်စေ သို့မဟုတ် နိုင်ငံခြားထုတ်ကုန်ဖြစ်စေ ခွဲခြားမှုမရှိဘဲ ကုန်ထုတ်လုပ်မှုကွင်းဆက်အဆင့် တိုင်းအပေါ်တွင် စည်းကြပ်ကောက်ခံသည့် စားသုံးခွန် (Consumption tax) ဖြစ်ကြောင်း၊
၃။ လျှော့ဈေးဖြင့်ကုန်ပစ္စည်းများ စုပုံရောင်းချခြင်း (Dumping goods)။ ယခင်ကာလများအတွင်း အမေရိကန်နှင့်ဥရောပနိုင်ငံများသည် တရုတ်နိုင်ငံမှလျှပ်စစ်မော်တော်ယာဉ်များအား နိုင်ငံတကာဈေးကွက်တွင် လျှော့ဈေးဖြင့်စုပုံရောင်းချမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိခဲ့ကြပြီး တရုတ်နိုင်ငံသည် သွင်းကုန်ခွန်ကောက်ခံမှုကို တုံ့ပြန်ရန် ယင်းသို့လုပ်ဆောင်လာနိုင်ခြေရှိကြောင်း၊
၄။ အစိုးရမှ စီးပွားရေးလုပ်ငန်းများအား အထောက်အပံ့ပေးခြင်း (Subsidies)။ တရုတ်နိုင်ငံသည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကျိုးပြု အစိမ်းရောင်နည်းပညာကဏ္ဍ (Green tech sector) ၌ ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ် လာစေရန် စီးပွားရေးလုပ်ငန်းများကို Subsidies ပေးခဲ့ခြင်းကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကဏ္ဍ၌ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊
၅။ ကာကွယ်သည့်နည်းလမ်းအဖြစ်အသုံးပြုသော စိုက်ပျိုးရေးဆိုင်ရာစံနှုန်းများ (Protective Agricultural Standards)။ ဥရောပ နိုင်ငံများသည် မျိုးရိုးဗီဇပြုပြင် ပြောင်းလဲထားသည့်ပြောင်း (Genetically engineered corn) ကို တင်သွင်းခွင့် မပြုခြင်းဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ကာကွယ်ပေးသည့် နည်းလမ်းများကို အသုံးပြုကြောင်း၊
၆။ ကာကွယ်သည့်နည်းလမ်းအဖြစ် အသုံးပြုသော နည်းပညာဆိုင်ရာစံနှုန်းများ (Protective Technical Standards)။ ဂျပန်နိုင်ငံသည် မော်တော်ယာဉ်များတွင် အသုံးပြုသည့် Bowling ball ကို စမ်းသပ်ခြင်းဖြင့် ကာကွယ်သည့်နည်းလမ်းအဖြစ် အသုံးပြု ကြောင်း၊
၇။ မူပိုင်ခွင့်ခိုးယူမှုနှင့် အတုပြုလုပ်ခြင်း (Intellectual Property (IP) Theft and Counterfeiting)။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံအား မူပိုင်ခွင့်ခိုးယူမှုနှင့် အတုပြုလုပ်ကြောင်း ကာလကြာရှည်စွာ စွပ်စွဲပြောဆိုလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ မူပိုင်ခွင့်ခိုးယူမှုနှင့် အတုပြုလုပ်မှု စုစုပေါင်းသုံးပုံနှစ်ပုံကို တရုတ်နိုင်ငံက ပြုလုပ်လျက်ရှိသည်ဟု အမေရိကန်ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း (Chamber of Commerce) က ခန့်မှန်းထားကြောင်း၊
၈။ Transshipping ပြုလုပ်သည့်နည်းလမ်း။ ကုန်စည်များကို သွင်းကုန်ခွန်ပမာဏ လျော့နည်းပေးဆောင်ရသည့် တတိယနိုင်ငံတစ်ခုခုမှ လမ်းကြောင်းပြောင်း ပို့ဆောင်ခြင်းဖြစ်သည့် Transshipping နည်းလမ်းဖြင့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ သွင်းကုန်ခွန်ကို ရှောင်ရှားလာနိုင်ကြောင်း၊ Temu အွန်လိုင်းဈေးရောင်းလုပ်ငန်းမှ တစ်ဆင့်ပစ္စည်းများ ရောင်းချကြသော တရုတ်ဆိပ်ကမ်းမြို့၊ ကွမ်ကျိုး၌ အခြေစိုက်သည့်လုပ်ငန်းများသည် ဂျော်ဒန်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ လုပ်ငန်းများပြောင်းရွှေ့လျက်ရှိကြ ကြောင်းနှင့် ယင်းနိုင်ငံများရှိစက်ရုံများတွင် အမေရိကန်နိုင်ငံသို့ ပစ္စည်းများတင်ပို့ခြင်း မပြုမီ နောက်ဆုံးအပြီးသတ်အဆင့်ကိုသာ ပြုလုပ်လျက်ရှိကြကြောင်း၊ ယခင်နှစ်များအတွင်း တရုတ်ကုမ္ပဏီများသည် အမေရိကန်နိုင်ငံ၏ သွင်းကုန်ခွန်ကိုရှောင်ရှားရန် တတိယနိုင်ငံများ၌ လုပ်ငန်းများ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ဗီယက်နမ်နိုင်ငံသည် တရုတ်ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့သဖြင့် အမေရိကန်-ဗီယက်နမ် ကုန်သွယ်မှုတွင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေ အများအပြားဖြစ်ပေါ်စေခဲ့ကြောင်း စသည့်အချက်များအား ဖော်ပြခဲ့ကြောင်း သတင်းရရှိသည်။
Source: စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။